A record of how I think through my life, business, and mind — in real time.
Charles Van Doren & Mortimer J. Adler

How to Read a Book

Burmese Translation Guide Book
Status: Completed Read year: 2021
How to Read a Book

စာဖတ်ရတဲ့ ရည်ရွယ်ချက်

စာဖတ်ခြင်းဆိုတာ မိမိစိတ်နဲ့ စာရေးသူတို့ ကြား မိမိဘက်ကနေ စာရေးသူပေးချင်တဲ့ သဘောတရားကို ဘယ်လောက် အတိုင်းအတာထိ နားလည်သိရှိနိုင်မှု ဖြစ်သည်။ စာဖတ်တဲ့ ရည်ရွယ်ချက် ၃ မျိုးရှိသည်။

အချက်အလက် သိလို၍ ဖတ်ခြင်း − သတင်းစာ၊ ဂျာနယ် နဲ့ အခြား Facebook post တွေ ဖတ်ခြင်းက မိမိ လက်ရှိသိရှိနေသော အချက်အလက်များ ပိုမိုတိုးပွါးလာစေသည်။ သို့သော် မိမိ၏ အတွေးအခေါ်၊ နားလည်မှု အပိုင်းကို မြှင့်တင်ပေးမှု မရှိပါ။

နားလည်သိရှိလို၍ ဖတ်ခြင်း − မိမိ မသိရှိသေးသော အရာကို လေ့လာသင်ကြားဖို့ ဖြစ်သည်။ သင်ယူသည် ဆိုသည်မှာ အချက်အလက်ပိုမှတ်မိခြင်းကို မဆိုလိုပါ။ အကြောင်းအရာတခုကို စာရေးသူဆိုလိုသည်အတိုင်း နားလည်သိရှိသဘောပေါက်ခြင်းကို ဆိုလိုသည်။

ပျော်ရွှင်မှုအတွက် ဖတ်ခြင်း −မိမိဖတ်ချင်သလို ဖတ်နိုင်သည်။

သင်ယူသကဲ့သို့ (နားလည်သိရှိလို၍) စာဖတ်ခြင်း၏ အကျိုး

အချက်အလက်သိရှိလို၍ စာဖတ်ခြင်းနှင့် ကွဲပြားသော အချက်မှာ စာဖတ်ပြီး မှတ်မိခြင်းနှင့် စာဖတ်ပြီး ပြန်လည် ရှင်းပြတတ်ခြင်း ဖြစ်သည်။ အချက်အလက်ကို ဖတ်ခြင်းသည်လည်း သင်ယူမှုပင်ဖြစ်သည်။ မိမိ မသိသေးသော အရာများကို ပိုသိသွားပြီး မှတ်မိနေနိုင်သည်။ သို့သော် မိမိ ဉာဏ်ထဲတွင် ရှင်းလင်းမသွား၊ မထင်ကျန်ခဲ့။ ထိုကြောင့် စာဖတ်ရာတွင် စာရေးသူပြောသော အရာများကိုလည်း မှတ်မိသင့်သလို၊ ဆိုလိုရင်းကို လည်း နားလည်ရမည်။

စာဖတ်ခြင်းနဲ့ ဘယ်လိုသင်ယူမလဲ

သင်ယူသည့် ပုံစံ ၂ မျိုးရှိသည် − ညွှန့်ကြားချက်ဖြင့် သင်ယူခြင်းနှင့် လေ့လာရှာဖွေမှုဖြင့် သင်ယူခြင်း။ ညွှန့်ကြားချက်ဆိုသည်မှာ တစ်ဦးတစ်ယောက်မှ တခြားတစ်ယောက်ကို စကားဖြင့် (သို့) စာဖြင့် သင်ကြားပြခြင်းမျိုးဖြစ်သည်။ ဆိုရလျှင် တစ်ခုခုကို သင်ကြားပေး (သို့) ပြုလုပ်လိုလျှင် မသင်ယူပဲ မလုပ်တတ်တော့ − သင်ကြားသော အကြောင်းအရာညွှန့်ကြားချက်၏ ဖြစ်ပေါ်လာပုံ ရှိမည်မဟုတ်တော့။ ထို့ကြောင့် လေ့လာရှာဖွေမှု၊ စူးစမ်းလေ့လာမှု (သို့) ထင်ဟက်မှုဖြင့် (သင်ကြားခံစရာမလိုပဲ) သင်ယူနိုင်သည်။ 

စာဖတ်ခြင်းမှာ တစ်ဦးတစ်ယောက် အကူအညီမပါပဲ စူစမ်းလေ့လာမှု သီးသန့်ဖြစ်သည်။စာဖတ်ရင်း စဉ်းစားရမှာလား

စဥ်းစားတွေခေါ်ခြင်းဆိုသည်မှာ သင်ယူမှုတွေမှာ မိမိစိတ်ကို အသိဉာဏ်ပညာပိုတိုးအောင်၊ ပိုမိုနားလည်အောင် ပြုလုပ်ပေးတဲ့ စိတ်ဖြစ်သည်။ စဉ်းစားတွေးခေါ်မှုက အကူအညီမပါတဲ့ စူးစမ်းလေ့လာမှုတွေမှာ ညွှန့်ကြားချက်ဖြင့် သင်ယူနေချိန်ထက် ပိုဖြစ်ပေါ်တတ်သည်။ အချက်အလက်သိလို၍ စာဖတ်နေစဉ်မှာ စဉ်းစားတွေးခေါ်မှု အနည်းငယ်သာဖြစ်နိုင်သည်။ ထိုကြောင့် သင်ယူဖို့ စာဖတ်တဲ့ အခါ စဉ်းစားတွေးခေါ်ရမည်။

သို့သော် စဉ်းစားတွေးခေါ်ခြင်းက သင်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ စာဖတ်စဉ်တွင် အသစ်လေ့လာတွေ့ရှိမှုများကို သိလိုစိတ်၊ စာဖတ်ခြင်းကို မှတ်နိုင်သော မှတ်ဉာဏ်၊ အတိုင်းအတာတစ်ခုအထိ စိတ်ကူးတွေးထင်နိုင်မှု၊ နောက်ဆုံး − မိမိစိတ်ကို အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာသိရှိနိုင်ခြင်း နှင့် လက်ရှိအခြေအနေ နှင့် ထင်ဟက်ပြီး သုံးသပ်နိုင်ခြင်း တို့ ထားရှိရမည်။

သင်ကြားသူရှိခြင်းနှင့် မရှိခြင်း

သင်ယူခြင်း ကို စာဖတ်ခြင်းနှင့် နားထောင်ခြင်းမှ လုပ်ဆောင်နိုင်သည်။ နားထောင်ခြင်းသည် ရှေ့တွင်ရှိသော သင်ကြားသူမှ တိုက်ရိုက် သင်ယူခြင်းဖြစ်ပြီး၊ စာဖတ်ခြင်းသည် ရှေ့တွင်မရှိသော သင်ကြားသူထံမှ သင်ယူခြင်းမျိုးဖြစ်သည်။ 

ရှေ့တွင် သင်ကြားသူ ရှိပါက၊ မိမိ မေးမြန်းသော မေးခွန်းများကို တိုက်ရိုက်ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ သို့သော် စာဖတ်စဉ် မိမိဖတ်နေသော စာအုပ်ကို မေးခွန်းမေးပါက၊ မိမိကိုယ်တိုင်ပင် ပြန်ဖြေရမည်ဖြစ်သည်။ စာဖတ်စဉ် မေးခွန်းတိုင်းသည် မိမိ စဉ်းစားတွေးခေါ်သလောက်၊ မိမိကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာသလောက်နှင့် ထိုက်သော အဖြေသာ ရရှိမည်ဖြစ်သည်။

စာဖတ်စွမ်းရည် အဆင့်များ

စာဖတ်ခြင်းမှ ရသော အကျိုးအမြတ်များသည် စာဖတ်စဉ်ထားရှိသော ကြိုးစားအားထုတ်မှုနှင့် မိမိ ၏ စာဖတ်စွမ်းရည်ပေါ်တွင် များစွာမူတည်သည်။ စာဖတ်ခြင်းမှာ အကူအညီမပါသည့် သင်ယူမှုဖြစ်သည့် အတွက် မိမိကိုယ်တိုင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိမှ အကျိုးရှိနိုင်မည် ဖြစ်သည်။ 

စာဖတ်စွမ်းရည် အဆင့် ၄ ဆင့် ရှိသည်။ 

အခြေခံစာဖတ်ခြင်း − စာကြောင်းလေးတွေဖတ်ခြင်းကနေ စာပေဖတ်ခြင်းကိုရောက်ရှိရန် အတွက် ပိုင်နိုင်ထားရမည့် အဆင့်ဖြစ်သည်။ ဤအဆင့်ကို မူလတန်းမှာကတည်းက သင်ထားပြီးဖြစ်ပါသည်။ 

ဤအဆင့်မှာ လုပ်ဆောင်ရမည့် အရာက − စာဖတ်သူမှ မိမိဖတ်လိုက်သော စာကြောင်းတစ်ကြောင်း၏ အဓိပ္ပါယ်ကို သိရှိခြင်းဖြစ်သည်။ လွယ်သည်ဟု ထင်ရသော်လည်း စာဖတ်ကျင့်များသည်တိုင်အောင် တစ်ခါတရံ ကြုံရတတ်သော ပြဿနာဖြစ်သည်။ အထူးသဖြင့် တခြားဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များကို ဖတ်ရှုရသည့် အခါတွင် ပို၍ ဖြစ်တတ်သည်။ 

ဤအဆင့်ကို ပိုင်နိုင်ပါက စာမြန်မြန်ဖတ်နိုင်လာမည်၊ ထိုအတွက် စာဖတ်စဉ်တွင် ပိုမိုအာရုံစူးစိုက်နိုင်မည် ဖြစ်သည်။ 

လေ့လာစမ်းစစ်မှုဖြင့် စာဖတ်ခြင်း - အချိန်တိုတိုနှင့် စာအုပ်ကပေးခြင်သော အကြောင်းအရာများကို ရနိုင်သမျှလေ့လာသိရှိနိုင်ရန်ဖြစ်သည်။ အခြားအဓိပ္ပါယ်ဖြင့် − Skimming သို့ စာကြိုဖတ်ခြင်း ဟုခေါ်သည်။ သို့သော် ဟိုလှန်ဒီလှန်ဖြင့် ဖတ်သွားခြင်းမဟုတ်ပဲ စနစ်ကျကျ စာအုပ်ကို လေ့လာစစ်းစစ် ဖတ်ရှုခြင်းဖြစ်သည်။

ဤအဆင့်မှာ လုပ်ဆောင်ရမည့် အရာက −စာအုပ်၏ အပေါ်ယံအကြောင်းအရာကို သုံးသပ်ပြီး၊ ထို အပေါ်ယံကသင်ကြားပေမည့် အရာများကုန်စင်အောင် သင်ယူနိုင်ခြင်းဖြစ်သည်။ "စာအုပ်က ဘာအကြောင်းအရာလဲ" ၊ "စာအုပ်က ဘယ်လိုရေးထားတာလဲ"၊ "စာအုပ်က ဘာတွေပါတာလဲ" စသည်ကို နားလည်အောင် လုပ်ရမည့် အဆင့်ဖြစ်သည်။

များသောအားဖြင့် မာတိကာကို မကြည့်ကြပဲ စာမျက်နှာ ၁ က စာပြီး ဖတ်ကြသည်သာများသည်။ စာအုပ်မည်ကဲ့သို့ ဖွဲစည်းထားသည်ကို မသိသည့်အတွက် ဖတ်နေရင်း နားလည်ရန် ခက်ခဲလာတတ်ကြသည်။

ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်း - ပိုမိုရှုပ်ထွေးပြီး၊ စနစ်ကြသော စာဖတ်နည်းဖြစ်သည်။ ဤအဆင့်သည် လုံးစေ့ပတ်စေ့စာဖတ်ခြင်း၊ ပြီးပြည့်စုံအောင် ဖတ်ခြင်း (သို့) မိမိတို့ စာဖတ်နိုင်သော အကောင်းဆုံးနည်းလမ်းဖြစ်သည်။ လေ့လာစမ်းစစ်မှုဖြင့် စာဖတ်ခြင်းက အချိန်တိုမှာ အကောင်းဆုံးဖြစ်ပြီး၊ ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်းကတော့ အချိန်ရှိတဲ့ အချိန် အကောင်းဆုံးဖြစ်သည်။

ဤအဆင့်မှာ လုပ်ဆောင်ရမည့် အရာက − စာအုပ်ကို ကြေညှပ်နေအောင် သိရှိနားလည်စေရန်၊ မေးခွန်းတချို့ကို မေးရမည်။

သို့သော် အချက်အလက် နှင့် ဖျော်ဖြေရေးအတွက် တွင် ဤအဆင့်မလိုပါ။ ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်း သည် သဘောပေါက်နာလည်းရန် သီးသန့်ဖြစ်သည်။

နှိုင်းယှဉ်တွဲ၍ စာဖတ်ခြင်း - အမြင့်ဆုံးအဆင့်ဖြစ်သည်။ ဤအဆင့်တွင် စာဖတ်သူသည် စာအုပ်များစွာကို ဖတ်ပြီးဖြစ်ရမည်။ ဖတ်ပြီးသာစာအုပ်များကို တစ်ခုနှင့် တစ်ခု ချိတ်ဆက်၍ နားလည်သဘောပေါက်ခြင်းဖြစ်သည်။ သို့သော် နှိုင်းယှဉ် ရာတွင် ရေးထားသော စာများချည်းသက်သက် မဟုတ်ပဲ စာအုပ်ထဲမှ မပါသော အကြောင်းအရာများကို ကိုပါ တွဲစပ်၍ ခွဲခြမ်းစိပ်ဖြာမှု ပြုလုပ်ခြင်းမျိုးဖြစ်သည်။ 

အခြေခံစာဖတ်ခြင်း ကို ဘယ်လိုလုပ်ဆောင်မလဲ

ကျွန်တော်တို့တွေ အခုကဲ့သို့ အခြေခံစာဖတ်တတ်လာစေရန် အဆင့် ၄ ဆင့်နီးပါး ငယ်ဘဝမှာ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ 

ပထမအဆင့် − စာဖတ်နိုင်တဲ့ လုံလောက်တဲ့ အခြေအနေတွေက မွေးကတည်းကစလို့ အသက် ၆ နှစ် ၇ နှစ်ကြား မှာ ဖွံဖြိုးလာကြသည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအနေနဲ့ အမြင် နှင့် အကြား အာရုံတို့ အဆင့်သင့်ဖြစ်လာပြီး၊ အသိဉာဏ်ပိုင်းမှာတော့ စာလုံးတစ်လုံး နှင့် ၎င်းနဲ့ တွဲလျက်စာလုံးများကို အမြင်နဲ့လက်ခံ၊ ပုံဖော်၊ မှတ်သားနိုင်ခြင်းတို့ ဖြစ်လာပါသည်။ 

ဒုတိယအဆင့် − ကလေးတွေက ရိုးရှင်းတဲ့ စာကြောင်းတွေကို ဖတ်နိုင်လာပြီး စာဖတ်တတ်ပြီး ပထမ ၁ နှစ်မှာတင် စာလုံးရေ ၃၀၀ မှ ၄၀၀ ထိ တွေ့တာနဲ့ ဖတ်နိုင်လာကြပါတယ်။ 

တတိယအဆင့် − ဝေါဟာရတည်ဆောက်မှု နှင့် ဆက်စပ်၍ နားမလည်သော စာလုံးများ၏ အဓိပ္ပါယ်များကို ရှာဖွေတတ်လာပါသည်။ ဤအဆင့်ဟာ အလျင်အမြန်တိုးတတ်မှုရှိကြပါတယ်။ ဒီအရွယ်ကလေးအများစုက စာဖတ်တာကို အခြားရွယ်ရွယ်ချက်နဲ့ လုပ်ဆောင်နေရပြီဖြစ်ပါတယ် − ကျောင်းစာအတွက်၊ သူတို့ရဲ့ သိချင်စိတ်အတွက်၊ အပျော်အတွက် စသည်ဖြင့် သူတို့ရဲ့ အမြင်ကို ချဲ့နေချိန်ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် − စာဖတ်စွမ်းရည်ကို အချောသတ်မြှင့်တင် တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်ကိုတော့ ကျွန်တော်တို့ တော်တော်များများ ပြီးပြည့်စုံအောင် မသင်ခဲ့ရပါဘူး။ စာဖတ်ပြီး ၎င်းစာထဲက မိမိစာဖတ်၍ သဘောပေါက်သကဲ့သို့ မူရင်း အဓိပ္ပါယ်မပြောင်းလဲစေပဲ ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်။ ပြီးတော့ အကြောင်းအရာတစ်ခုကိုပဲ မတူညီတဲ့ ရေးသားသူရဲ့ ထင်မြင်ချက်ကို နှိုင်းယှဉ်ကြည့်ခြင်းမျိုး လုပ်ဆောင်ရပါတယ်။

လေ့လာစမ်းစစ်မှုဖြင့် စာဖတ်ခြင်းကို ဘယ်လိုလုပ်ဆောင်မလဲ

နည်းစနစ် ၁ − စနစ်တကျ skimming (သို့) စာကြိုဖတ်ခြင်း

  1. စာအုပ်၏ မျက်နှာဖုံးခေါင်းစဉ် စာမျက်နှာ နှင့် စာညွှန်း (ပါလျှင်) တို့ကို အရင်ဖတ်ကြည့်ပါ။ 
      • ခေါင်းစဉ်ခွဲ (သို့) စာအုပ်တွင်ပါဝင်သော အကြောင်းအရာ ဖော်ပြချက် (သို့) စာအုပ်၏ရည်ရွယ်ချက် (သို့) စာအုပ်ပေါ်တွင် အထူးဖော်ပြထားသော စာရေးသူ၏အမြင် တို့ကို မြန်မြန်ဖတ်ကြည့်ပါ။ ဤအဆင့်အကုန် မပြီးခင်မှာပဲ စာအုပ်အကြောင်းကို ကောင်းကောင်းသိနေလောက်ပါပြီ။ ခနနားပြီး စိတ်ထဲမှာ  သင့်လျော်တဲ့ စာအုပ်အမျိုးအစားနေရာမှာ ထားကြည့်လိုက်ပါ။ 
  1. မာတိကာကို လေ့လာပါ။
      • စာအုပ်၏ ရေးသားထားပုံကို သိစေရန် နှင့် စာဖတ်ရာတွင် လမ်းကြောင်းတစ်ခုရှိစေရန် မာတိကာကို အရင် လေ့လာပါ။ 
  1. စာအုပ်ရဲ့ အဓိက အကြောင်းအရာ အတွက် အရေးကြီးနိုင်တဲ့ အခန်းတွေကို ကြည့်ရှုပါ။
      • ထို အခန်းများမှာ ပါဝင်တဲ့ အဖွင့်နဲ့ အပိတ် ဖော်ပြချက် များပါခဲ့လျှင် ထိုဖော်ပြချက်များကို သေချာစွာဖတ်ပါ။ 
  1. စာရွက်ကို ဟိုလှန်၊ ဒီလှန်ဖြင့် စာပိုဒ် ၂ ခု ၃ခု  (သို့) တစ်ခါတစ်လေ စာမျက်နှာ ၂ ရွက် ၃ ရွက် ဖတ်ကြည့်ပါ၊ ထိုထက်ပိုမဖတ်ပါနှင့်။
      • စာအုပ်ရဲ့ ဇတ်ရှိုန်မြင့်တဲ့ အပိုင်းကို အမြဲလိုက်ရှာ ဖတ်ကြည့်ပါ၊ စာအုပ်ထဲက အကြောင်းအရာအတူပဲ စာရေးသူနဲ့ မိမိနဲ့ ရင်ဘက်ခြင်း နီးမနီး ခံစားကြည့်ပါ။ ဇတ်လမ်းသွားလို စာအုပ်ဆိုရင် စာအုပ်ရဲ့ အဓိကအပိုင်းရဲ့ နောက်ဆုံး ၂ရွက် ၃ရွက်တော့ ဖတ်ဖို့ မမေ့ပါနှင့်။ ထိုနောက်ဆုံး စာမျက်နှာများမှာ စာရေးသူအများစုက ရှေ့ကရေးထားခဲ့တဲ့ အကြောင်းအရာတွေကို အတိုချုံးပြန်ပြောတတ်ကြပြီး၊ ဘယ်မျှသူတို့အတွက် အရေးပါကြောင်း ရေးသားတတ်ကြပါတယ်။

ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်း ဘယ်လိုလုပ်ဆောင်မလဲ

  1. ဘာစာအုပ်အမျိုးအစားကို ဖတ်နေလဲဆိုတာ သိကိုသိရပါမယ်၊ မဖတ်ခင်ကတည်းက သိအောင် ကြိုးစားရပါမယ်။
      • ရသစာပေ များကို တွေ့သည်နှင့် သိရှိနိုင်သည်။
      •  သုတစာပေတွင် ရှင်းလင်းချက်စာအုပ်များမှာ အသိပညာတစ်ခု ကို အကျယ်ချဲ့၍ ဦးစားပေးဖော်ပြသည့် စာအုပ်မျိုးဖြစ်သည် − ထင်မြင်ချက်များ၊ သီအိုရီများ၊ ယူဆချက်များ၊ အကြံပြုချက်များ ပါဝင်တတ်ကြသည်။
      • သို့သော် အမျိုးအစားခွဲခြင်းဆိုသည်မှာ ရသ နှင့် သုတ စာပေခွဲခြားခြင်းထက်၊ သုတစာပေထဲမှ မတူညီသော အမျိုးအစားများကို ထပ်မံ ခွဲခြားခြင်းဖြစ်သည်။
      • သုတစာပေထဲမှ သမိုင်းအခြေခံ၍ ရေးသားထားသော အချက်အလက်စာအုပ်နှင့် စိတ်ကြည်လင်စေသော နည်းလမ်းများရေးသောထားသည့် အတွေးအခေါ်ဆိုင်ရာ စာအုပ်နှင့် မတူညီကြချေ။
      • ထိုကြောင့် စာအုပ်တစ်အုပ်ကို မည်ကဲ့သို့ ချဉ်းကပ်ရမည်ကို သိရှိရန် လေ့လာစမ်းစစ်မှုဖြင့် စာဖတ်ခြင်း ဖြင့် အမျိုးအစားအရင်ခွဲပါ။
  1. စာအုပ်တစ်အုပ်လုံး၏ အနှစ်ကို စာပုဒ်တိုတစ်ပုဒ်ဖြင့် ဖော်ပြပါ။
      • စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီး တိတိကျကျနဲ့ အတိုချုံး၍ ပြောကြည့်ခြင်းဖြစ်သည်။
      • စာအုပ်ကို ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်း  နဲ့ ဖတ်နိုင်လား မဖတ်နိုင်လားဆိုတာ ကို စမ်းသပ်ရန် − တစ်ယောက်ယောက်ကို မိမိဖတ်ထားတဲ့ စာအုပ်ရဲ့ ပေါင်းချုပ်အနှစ်ကို စာလုံးအနည်းငယ်နဲ့ ပြောကြည့်ပါ။
      • စိတ်ထဲကတော့ ခံစားလို့ရတယ်ဆိုတာနဲ့ မလုံလောက်ပါဘူး၊ သိတော့ သိတယ် မပြောပြတတ်ဘူး နှင့် ကိုယ်ကိုကိုယ် မလှည့်စားပါနဲ့။
  1. စာအုပ်ရဲ့ အဓိကအပိုင်းတွေရဲ့ စ၊ လယ်၊ ဆုံး ကို ဘယ်လိုရေးသားထားပြီး၊ စာရေးသူက သူပြောချင်တဲ့ အချက်တွေကို မည်ကဲ့သို့ ပြောပြသွားလဲကို သိအောင်လုပ်ပါ။
    • ဒီမှာ အဓိက သိဖို့က စာအုပ်ဆိုတာ အုပ်လိုက်ကြီးမဟုတ်ပဲ စာစုလေးတွေ ပေါင်းစည်းထားတာကို သိစေချင်တာပါ။
    • အုတ်တွေနဲ့ ပဲ အုတ်ပုံဖြစ်နိုင်သလို၊ လိုအပ်သလို စီလိုက်ရင် အိမ်လည်း ဖြစ်နိုင်ပါတယ်။
    • စာအုပ်က အိမ်တစ်လုံးနဲ့ တူပါတယ်၊ အခန်းတွေအများကြီးပါတဲ့ တိုက်စံအိမ်ကြီးပါ။ အထပ်တိုင်းမှာ လည်း အခန်းတွေပါတယ်၊ တစ်ခန်းနဲ့ တစ်ခန်း အရွယ်လည်း မတူသလို ပုံစံတွေလည်း မတူကြဘူး။ အပြင်အဆင်လည်း မတူသလို၊ အသုံးပြုပုံလည်း မတူကြပါ။ တစ်ခန်းနှင့် တစ်ခန်း အစိတ်အပိုင်းအရ သပ်သပ်စီဖြစ်နေသော်လည်း တည်ဆောက်ပုံ အရ လုံးဝချည်း ခွဲခြား၊ သပ်သပ်စီဖြစ်နေကြတာ မဟုတ်ပါ။ အချင်းချင်းလည်း  တံခါးတွေ၊ လျောက်လမ်းတွေ၊ လှေကားတွေနဲ့ ဆက်သွယ်ထားကြတယ်။ ဘာလုပ်ဖို့လဲဆိုတော့ အခန်းတိုင်းက ချိတ်ဆက်ပြီး တစ်အိမ်လုံးရဲ့ အသုံးဝင်မှုကို သူတို့ ဆိုင်ရာ လုပ်ငန်းလေးတွေနဲ့ ပါဝင်နေကြတာမို့လို့ ဖြစ်တယ်။ ဒါမှ မဟုတ်ရင် အိမ်က နေလို့ ရမှာ မဟုတ်တော့ ဘူး။
  1. စာရေးသူရဲ့ ပြဿနာကို ရှာဖွေပါ။
      • စာရေးသူအများစုက စာအုပ်တွေမှာ မေးခွန်းတွေနဲ့ စပြီး၊ နောက်ပိုင်းတွေမှာ အဖြေတွေပါလေ့ရှိတယ်။
      • စာရေးသူက မေးခွန်းပြပြ မပြပြ၊ ကိုယ်တိုင်က စာအုပ်က ဖြေရှင်းနေတဲ့ အကြောင်းရဲ့ အဓိက မေးခွန်းတွေကို မိမိကိုယ်တိုင် မေးခွန်းထုတ်ပါ။
  1. စာရေးသူရဲ့ ပြဿနာအတွက် အဖြေကို ရှာဖွေပါ။
      • စာအုပ်စဖတ်တဲ့ အချိန်ကနေ မျက်စိဖွင့်၊ ပါးစပ်ပိတ်ပြီး ဖတ်လာခဲ့တာ စာအုပ်ပြီးလျှင်တော့ မိမိတွေးထင်ထားတဲ့ အဖြေကို မိမိဘာသာ မိမိ ဖော်ပြပြီး စာရေးသူ၏ အဖြေနှင့် ယှဉ်ကြည့်ပါ။
  1. စာအုပ်ပေါ်တွင် ငါ လက်ခံတယ်၊ လက်မခံဘူး (သို့) ထင်မြင်ချက် မပေးပါဘူး လို့ မပြောခင် ငါ နားလည်တယ်လို့ ပြတ်ပြတ်သားသား ပြောနိုင်ပါစေ။
  2. တစ်ဦးနှင့် တစ်ဦး အသိဉာဏ် မတူညီမှု နှင့် ပုဂ္ဂိုလ်ရေးအမြင် ကွဲပြားမှု ကို လေးစားပါ။ မိမိဝေဖန်သမျှအချက်တိုင်းမှာ သင့်လျော်သော အကြောင်းပြချက်ရှိပါစေ။

နှိုင်းယှဉ်တွဲ၍ စာဖတ်ခြင်းကို ဘယ်လိုလုပ်ဆောင်မလဲ

အဆင့် ၂ ဆင့် ရှိသည်။ ပြင်ဆင်သည့် အဆင့်နှင့် တကယ်နှိုင်းယှဉ်တွဲ ဖတ်ရှုခြင်း ဖြစ်သည်။

ပြင်ဆင်သည့် အဆင့် 

    1. မိမိ နှိုင်းယှဉ်သိရှိလိုသော အကြောင်းအရာပါဝင်သော စာအုပ်များ၊ အကြံပေးများကို တစ်စုတစ်စည်းထဲ စာရင်းထားခြင်း
    2. မိမိသိရှိလိုသော အကြောင်းအရာနဲ့ဆက်စပ်သော အရာများ ပါမပါ၊ နှင့် မိမိသိလိုသောအကြောင်းအရာကို ပိုမိုရှင်းလင်းစေရန် အထောက်အကူပြုမပြု စာရင်းရှိ စာအုပ်များကို လေ့လာစမ်းစစ်မှုဖြင့် ဖတ်ရှုပါ။

တကယ်နှိုင်းယှဉ်တွဲ ဖတ်ရှုခြင်း အဆင့်

    1. စာရင်းထဲမှ သက်ဆိုင်တယ်လို့ သတ်မှတ်ထားတဲ့ စာအုပ်များကို မိမိသိလိုသော အကြောင်းအရာနှင့် အသက်ဆိုင်ဆုံး စာပိုဒ်များကို ရှာဖွေရန် လေ့လာစမ်းစစ်မှုဖြင့် ထပ်မံဖတ်ရှုပါ။
    2. စာရေးသူတို့၏ သက်ဆိုင်ရာအသုံးအနှုန်းများကို ယေဘုယျအသုံးအနှုန်းများဖြင့် ပြန်လည်တည်ဆောက် ရေးသားပါ။
    3. မိမိသိလိုသော မေးခွန်းတစ်ချို့သတ်မှတ်၍ စာရေးသူများ၏ အဆိုပြုချက်များကို ယေဘုယျအဆိုပြုချက်များအနေဖြင့် မိမိကိုယ်ကို ပြန်လည်ဖြေကြည့်ပါ။
    4. မိမိ သိလိုသောအကြောင်းအရာကို အခြေခံသည့် ကိစ္စများအပေါ် စာရေးသူတို့ ဖြေရှင်းချက်များကို တူ၏၊ မတူ၏ ခွဲခြား၍ ကြည့်ပါ။ မတူညီသော စာရေးသူများ၏ အမြင်ကို အပိုင်းခွဲခြင်းဖြစ်သည်။
    5. အပြန်အလှန် မတူညီသော ဖြေရှင်းချက်များကို ခွဲခြမ်းစိပ်ဖြာ၍ မိမိသိလိုသော အကြောင်းအရာအတွက် အကောင်းဆုံးမြင်သာထင်သာ ရှိနိုင်မည့် အမေးနှင့် အဖြေများကို ရေးသားပါ။

နောက်ဆက်တွဲ

စာကို ဘယ်လောက် မြန်မြန်ဖတ်သင့်သလဲ 

စနစ်တကျ skimming သည်ပင်လျှင် စာကို အမြန်ဖတ်နည်း တစ်မျိုး ဖြစ်ပါသည်။ တစ်ယောက်နဲ့ တစ်ယောက် စာဖတ်နှုန်းမတူကြပါ။ မကြာခဏ အချိန်အကြာကြီး ပေးမဖတ်သင့်တဲ့ (သို့) ဖတ်ဖို့ မတန်တဲ့ စာအုပ်မျိုးနဲ့ ကြုံလျှင်၊ မိမိမှ စာဖတ်နှုန်း နှေးနေသောအခါ၊ အချိန်များစွာ ဆုံးရှုံးနိုင်ပါသည်။

သင့်တင့်သော စာဖတ်နှုန်းဆိုသည်မှာ မိမိမှ လိုအပ်သလို မတူညီသော စာဖတ်နှုန်းဖြင့် ဖတ်နိုင်ခြင်းမျိုးဖြစ်သည် − ယခုဖတ်နေသော စာဖတ်နှုန်းထက် ပိုမြန်ခြင်းကို မဆိုလိုပါ။ 

တစ်ချို့စာအုပ်များက − skimming လုပ်ဖို့လောက်ပဲ သင့်သည်။ တစ်ချို့ကို မြန်မြန်ဖတ်လိုက်သင့်သည်။ တစ်ချို့ကိုတော့ နှုန်းတစ်ခုနဲ့ ဖတ်ရမှာဖြစ်ပြီး၊ လုံးစီပတ်စီနားလည်ဖို့ အတွက်တော့ တော်တော်နှေးနှေး ဖတ်ရှုရမည် ဖြစ်သည်။

တကယ်တမ်း စာဖတ်ရာတွင် ကြုံရသော ပြဿနာမှာ စိတ်ပိုင်းဆိုင်ရာက အဓိကကျသည်။ အဘယ်ကြောင့်ဆိုသော် မိမိမှ ခက်ခဲ၍ ကောင်းမွန်သော စာအုပ်တစ်အုပ်ကို ဖတ်ပြီး ဘာလိုချင်မှန်း (သို့) ဘာလုပ်ချင်မှန်း မသိခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်တွင် စာကိုဘယ်လောက်မြန်အောင် ဖတ်နိုင် ဖတ်နိုင်၊ စာအုပ် ဘယ်လောက် ဖတ်ဖတ်၊ မိမိလိုချင်သည့်အရာကို မသိသည့်အတွက်၊ စာအုပ်ထဲတွင် တွေ့သည့်တိုင်အောင် မိမိ မသိလိုက်။

စာအုပ်တစ်အုပ်ကို မျှတစွာ ဝေဖန်သုံးသပ်မလဲ

ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်းဖြင့် စာအုပ်တစ်အုပ်ကို ဖတ်ပြီး၊ စာရေးသူဆိုလိုချင်တဲ့ သဘောတရားတွေကို သိရှိနားလည်ပြီးရင်တော့ ခွဲခြမ်းစိတ်ဖြာမှုဖြင့် စာဖတ်ခြင်းရဲ့ နောက်ဆုံး အဆင့်ကို ရောက်လာပါပြီ။ 

စာဖတ်ခြင်းက စကားပြောတစ်ခုလိုပါပဲ။ ကျွန်တော်တို့က စာအုပ်က စကားပြောမဟုတ်ဘူးလို့ ထင်နိုင်တယ် − စာရေးသူကပဲ အကုန်ပြောသွားတာ၊ ကိုယ်က ဘာမှ မပြောလိုက်ရဘူးလို့။ ဒီလိုမျိုးတွေးထင်ရင် စာဖတ်သူတို့ အခွင့်အရေးကို အပြည့်အဝအသုံးမချရသေးလို့ပါ။

တကယ်ကမ်းဆို စာဖတ်သူဆိုတာ နောက်ဆုံးပိတ်စကားပြောသူပါပဲ။ စာအုပ်နဲ့ စာဖတ်သူရဲ့ စကားပြောပုံက အဆင်အတိုင်းပါ − တစ်ဦးပြောနေချိန် နောက်တစ်ဦးက ဖြတ်မပြောပါဘူး။ စာရေးသူက ပြောစရာတွေ ပြောပြီး စာအုပ်ပြီးတဲ့ အခါမှာတော့ ဒီအချိန်ဟာ စာဖတ်သူအလှည့်ပါ။

ဒီမှာထင်စရာနောက်တစ်ခုက စကားပြောဆိုကြတာက လူတွေကြားမှာ အချင်းချင်း ပြင်းပြင်းထန်ထန် ငြင်းခုန်ပြီး သဘောတူတာ၊ မတူတာ ကို ဆွေးနွေးပြောဆိုတယ်လို့ ထင်စရာရှိပါတယ်။ နောက်ပြီး စကားပြောဆိုနေတုန်း စည်းကမ်းမရှိစွာ ပြောဆိုတာတွေက စာရေးသူဘက်ကလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲနေနေ ဒီ စကားပြောဆိုခြင်းရဲ့ ရည်ရွယ်ချက်က အသိဉာဏ်နဲ့ ယှဉ်ပြီး အကျိုးရှိရှိနဲ့ တစ်ခုခုကို သင်ယူတတ်ဖို့ပဲ ဖြစ်ပါတယ်။

စာရေးသူဖက်က စာအုပ်တစ်အုပ်လုံး ကောင်းကောင်း ပြောဆိုပြီး စာအုပ်ပြီးချိန်မှာတော့ စာဖတ်သူပြောဆိုဖို့ အလှည့်ရောက်လာပါပြီ။ သို့သော် ထိုကဲ့သို့ ဝေဖန်သုံးသပ်ခြင်းပြောဆိုရန် အတွက် မိမိဖတ်သော စာအုပ်နှင့် စာဖတ်သူကြား ပိုမိုနက်နဲတဲ့ ဆက်သွယ်မှုရှိမှ ပြောဆိုသင့်သည်။

ဆိုလိုရင်းမှာ − စာအုပ်ကောင်း တစ်အုပ်ကို နားလည်းသိရှိသဘောပေါက်ရန် အာရုံစူးစိုက်စွာ ဖတ်ဖို့ သင့်သည်။ ထိုစာအုပ်ကို ကောင်းစွာ နားလည်ဖို့မကြိုးစားပဲ ဝေဖန်သုံးသပ်ခြင်းမျိုးပြုလျှင် (သို့) မေ့မေ့ပျောက်ပျောက်နှင့် ထားရှိလျှင် ထိုစာအုပ်ကို စာဖတ်ခြင်းအလုပ် မပြီးမြောက်နိုင်ပါ။

သီအိုရီ နှင့် လက်တွေ့ စာအုပ်ခွဲခြားပုံ

သီအိုရီဆိုသည်မှာ အတွေးအခေါ်အမြာ်အမြင်များ၊ တစ်ခါတစ်ရံ ဆန်းကြည်မှုများ ပါဝင်သည်၊ လက်တွေ့ဆိုသည်မှာ အလုပ်တကယ်ဖြစ်တဲ့ တစ်ချို့အရာတွေ၊ ခုလုပ်ရင် ခုချက်ချင်း အမြတ်ထွက်တဲ့ အရာမျိုးဖြစ်သည်။ 

သီအိုရီ − အသိဉာဏ်နှင့် လက်တွေ့ − လုပ်ဆောင်မှု ဟူ၍ အကြမ်းဖြမ်းမှတ်သားနိုင်သည်။ 

သုတစာပေများသည် အသိဉာဏ် (သီအိုရီ) ကို ဖော်ပြသည့်စာအုပ်များ ဖြစ်သည်အတွက်၊ မေးစရာရှိသည်မှာ −  လုပ်ဆောင်မှု စာအုပ်များသည် ဘာကြောင့် သုတစာပေ ထဲတွင် ပါဝင်ရသနည်း။ အဖြေမှာ − အသိဉာဏ်နှင့် တွဲယှဉ်သော လုပ်ဆောင်မှုများအတွက် အသိဉာဏ်သာ အခြေခံဖြစ်သည်။ ထိုစိတ်ထဲမှ အသိဉာဏ်ကို သာဓကအားဖြင့် သီးသန့် နှင့် အသုံးချ သိပ္ပံ (သို့) အကြမ်းဖြင့်အားဖြင့် သိပ္ပံ နှင့် နည်းပညာ ဟူ၍ ခွဲခြားသိရှိနိုင်ခြင်းကြောင့် လက်တွေ့စာအုပ်များသည် သုတစာပေများဖြစ်ကြသည်။

တစ်ချို့ကလည်း အသိဉာဏ်ကို ရှာဖွေခြင်း၊ သင်ကြားခြင်းပဲ သက်သက်လုပ်သည်၊ ထိုထက်လွန်၍ စိတ်မဝင်စား။ တစ်ချို့ကလည်း အသိဉာဏ်၏ နောက်ကွယ်က အသုံးပြုနည်းကိုသာ ပြုလုပ်သည်။ 

အသိဉာဏ်ကို လက်တွေ့ ပြုလုပ်ရန် အရင်ဆုံး အသိဉာဏ်ကို လုပ်ဆောင်မှုစည်းကမ်းများအဖြစ် ပြောင်းလဲယူရသည်။ မိမိလိုချင်သည့်အရာအတွက် မိမိသိသောအရာထဲမှာ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဆွဲထုတ်ယူခြင်းဖြစ်သည်။ တစ်စုံတစ်ခု ကို သိခြင်း နှင့် တစ်စုံတစ်ခုကို ရရန် သိခြင်း ဖြစ်သည်။ 

လက်တွေ့လုပ်ဆောင်မှု စာအုပ်တွေ ဘယ်လိုဖတ်မလဲ

လက်တွေ့လုပ်ဆောင်မှု စာအုပ်တွေကို ဖတ်တဲ့အခါ သတိထားရမှာက တကယ့်ပြဿနာတွေကို စာဖတ်ခြင်းဖြင့် (သို့) စာဖတ်ပြီးသွားတဲ့အခါ မဖြေရှင်းနိုင်ဘူး။ သီအိုရီစာအုပ်ကတော့ စာဖတ်ပြီးတာနဲ့ ပြဿနာက ဖြေရှင်းပြီးသွားတယ်။ လက်တွေ့စာအုပ်တွေကို လက်တွေ့လုပ်ဆောင်မှုနဲ့ပဲ ဖြေရှင်းနိုင်တယ်။ 

ဉပမာ − ကိုယ်က အသက်မွေးမှုအကြောင်း သိချင်ရင်၊ How to make friends and influence people စာအုပ်က မဖြေရှင်းပေးနိုင်ဘူး။ နည်းလမ်းတွေတော့ လမ်းညွှန်ပေးနိုင်လိမ့်မယ်။ ဒီစာဖတ်နည်းစာအုပ်လည်း အတူတူပဲ၊ ဖတ်ပြီး လိုက်မလုပ်ရင် မိမိစာဖတ်တာ တိုးတတ်လာမှာ မဟုတ်ဘူး။

လက်တွေ့လုပ်ဆောင်မှု စာအုပ်အမျိုးအစား ၂ မျိုး

ပထမအမျိုးအစားက −  နည်းလမ်းပေါင်းချုပ်စာအုပ် cookbook (သို့) ယဉ်မောင်းလက်စွဲစာအုပ် − စတာတွေက လိုက်နာရမဲ့ စည်းကမ်းတွေကို ဖော်ပြထားတာဖြစ်တယ်။

ဒုတိယအမျိုးအစားက − လက်တွေ့လုပ်ဆောင်မှုတွေနဲ့ အဓိကပက်သက်တဲ့၊ လက်တွေ့နည်းလမ်းတွေဖြစ်ပေါ်လာစေတဲ့ သဘောတရားတွေပါတဲ့ စာအုပ်။ စီပွါးရေးဆိုင်ရာ၊ နိုင်ငံရေး စာအုပ်များက ဒုတိယအမျိုးအစား ဖြစ်သည်။

လက်တွေ့စာအုပ်တွေကို လက်ခံကျင့်သုံးသင့်မသင့် ဆုံးဖြတ်ခြင်း

လက်တွေ့စာအုပ်များကို ဖတ်တော့မယ်ဆို မေးခွန်း ၄ ခု မေးပါ။

  1. ဒီစာအုပ်က ဘာအတွက်လဲ − စာအုပ်ကို ဘယ်လိုရေးထားသလဲ − စာရေးသူအဓိကဖြေရှင်းချင်တဲ့ ပြဿနာက ဘာလဲ − အဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းသလဲ − စာရေးသူက ကိုယ်ကိုရော ဘာကို လက်တွေ့ကျင့်သုံးစေချင်တာလဲ 
  2. စာရေးသူရဲ့ အမြင်၊ သဘောထား၊ တင်ပြသုံးသပ်ထားမှု ကို ဖြေကြည့်ပါ။ ပြီးတော့ စာရေးသူ အကြံပြုထားတဲ့ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတယ် အရာတွေကို လိုက်ရှာပြီး နာလည်အောင် လုပ်ပါ။
  3. မှန်ရဲ့လား၊ ဟုတ်ရဲ့လား မေးပါ။ ဒီမေးခွန်းက မိမိက စာရေးသူရဲ့ ဖော်ပြချက်၊ ရှင်းလင်းချက်တွေကို မိမိသိပြီးသား အရာတွေနဲ့ နှိုင်းယှဉ်တဲ့ အခါ အဖြေရပါလိမ့်မယ်။
  4. ဘာရလိုက်လဲ − လက်တွေ့စာအုပ်တစ်အုပ်ကို လက်ခံတယ်တဲ့ နောက်မှာ မိမိဘက်မှ လုပ်ဆောင်မှုအပိုင်းလာပါတယ်။ လိုက်လုပ်တာ မလုပ်တာ ကိုယ်အပိုင်းပေါ့။  

စာဖတ်ခြင်းဖြင့် ဘဝရော စိတ်ရော တိုးတတ်အောင်

ဒီမျိုးဆက်မတိုင်ခင်က ဘယ်သိချင်ရင် ဘယ်စာအုပ်ဖတ်ဆိုပြီး မသိခဲ့ကြလို့ စမ်းသပ်ပြီး စာအုပ်တွေထုတ်ခဲ့၊ ဖတ်ခဲ့ကြရတယ်။ ခုချိန်မှာတော့ ကိုယ်သိတာတော်တော်များများ ကို စာအုပ်တွေကနေဖတ်ရှုနိုင်ပြီ။ 

ဆိုကြပါဆို သင်က ကျွန်းတစ်ကျွန်းပေါ်မှာ အချိန်အကြာကြီး နေရတော့မယ်၊ အဲ့အတွက်လည်း ကြိုပြင်ဆင်ခွင့်ရမယ်ဆိုပါဆို့။ ပြီးတော့ သင်နဲ့ ယူသွားဖို့ လက်တွေ့လုပ်ဆောင်မှု စာအုပ်တွေ၊ အသုံးဝင်တဲ့ စာတမ်းတွေ ၁၀ ခုထိ ပေးထားမယ်ဆို သင် ဘယ်စာအုပ်တွေ ဖတ်ဖို့ ယူသွားမလဲ။

အဲ့အချိန်မှာ စာအုပ် ၁၀ အုပ်ရွေးရတာ လွယ်ကူပါလိမ့်မယ်။ ကိုယ်အဖတ်ချင်ဆုံး နဲ့ ထပ်တစ်လဲလဲ ဖတ်မယ့်စာအုပ်မျိုးပဲ ဖြစ်မှာပါ။  ဘာလို့လဲဆိုတော့ ကျွန်းပေါ်မှာ စကားပြောစရာ ဘယ်သူမှမရှိ၊ နားထောင်စရာ ရေဒီယိုမှရှိ၊ TV မရှိဆိုတော့ အဖော်ပြုစရာဆိုလို စာအုပ် ၁၀ အုပ်ပဲ ရှိမှာပါ။

ဒီအခြေအနေက လက်တွေ့မဆန်ဘူးထင်ရပေမယ့် တကယ့်တမ်းလက်တွေ့ ဘဝမှာလည်း ကျွန်တော်တို့က ဘဝကို တစ်ယောက်တည်း အသက်ရှင်ပြီး ဘဝကောင်းတစ်ခုနေရရေးအတွက် အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေပြီး နေကြတဲ့သူတွေပါပဲ။

လူ့စိတ်ရဲ့ ထူးဆန်တာတစ်ခုက လူ့ခန္ဓာကိုယ်က ကန့်သတ်ချက်ရှိပြီး စိတ်ကတော့ ကန့်သတ်ချက်မရှိပါဘူး။ လူတွေဟာ သူတို့ရဲ့ အသက် ၃၀ ဝန်းကျင်လောက် က ကောင်းသလောက်ပဲ အကောင်းဆုံးနေနိုင်ကြပါတယ်။ အဲ့ထက်ကျော်သွားရင် တစ်ဖြည်းဖြည်း ယိုယွင်းပျက်စီးလာတာချည်းပါပဲ။

စိတ်ကတော့ ပိုပြီးဖွံ့ဖြိုးဖို့ အကန့်အသတ်မရှိပါဘူး။ ဘယ်အသက်အရွယ်မှ စိတ်က မတိုးတတ်တော့ဘူးဆိုတာ မရှိပါဘူး။ ဦးနှောက်ကျဆင်းမှသာ စိတ်ကလည်း လျော့လာမှာပါ။

အဲ့လိုအကန့်အသတ်မရှိ စွမ်းဆောင်နိုင်တဲ့ စိတ်က ရရှိခြင်းဟာပဲ လူတွေကို ချင်းထဲကျက်ထဲရောက်စေပါတယ်။ စိတ်က ကြွက်သားတွေလိုပဲ အသုံးမပြုရင် ကြုံလှီသွားနိုင်ပါတယ်။ စိတ်ခွန်အားတွေ  ကြုံလှီသွားတာက စိတ်လေ့ကျင့်ခန်းမလုပ်ခြင်းရဲ့ အကျိုးရလာဒ်ပါပဲ။ စိတ်ကျခြင်းဟာ အသက်သေဆုံးနိုင်တဲ့ အထိဖြစ်စေနိုင်တဲ့ သာဓကတွေရှိပါတယ်။ အလုပ်ရှုပ်တဲ့ လူအများစုက ပင်စင်ယူပြီးမကြာခင်မှာ ကျန်းမာရေးယိုယွင်းတာတွေ ဖြစ်တတ်ကြပါတယ်။ သူတို့ဘဝတစ်လျှောက်လုံး အပြင်က အရာတွေနဲ့သာ အပေါ်ယံအသက်ရှင်ခဲ့ပြီး၊ အဲ့အရာတွေ မရှိတော့တဲ့ အခါမှာတော့ သူတို့ထဲမှာ ဆက်သွားဖို့ စိတ်စွမ်းအင်တွေ မရှိကြတော့ပါဘူး။

မိမိအနီးနားမှာ အပေါ်ယံတွေဖြစ်တဲ့ TV, အင်တာနက်နဲ့ အကြား ဖျော်ဖြေစရာ တွေလည်းများလာပါတယ်။ အဲ့ဒါတွေကို ကြည့်နေရ၊ လုပ်နေရင်ရရင် ထိုအရာများကို စိတ်က တုန့်ပြန်ရတဲ့အတွက်၊ စိတ်က တတ်ကြွနေသယောင်ရှိပါတယ်။ 

ဒါပေမဲ့ အပြင်ကနေ စိတ်ကို လှုံ့ဆော်နိုင်မှုက အကန့်အသတ်ရှိပါတယ်။ ဆေးဆွဲသလိုပါပဲ၊ များများကြည့်၊ များများလိုအပ်လာပါတယ်။ နောက်ဆုံး စိတ်ကို မတိုးတော့ပါဘူး။ အဲ့အချိန်မှာ မိမိစိတ်တွင်းမှာ စွမ်းအင်မရှိလျှင် တဖြေးဖြေးနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့် အပြုအမှုပိုင်းဆိုင်ရာတွေပါ ယိုယွင်းလာပါတော့တယ်။

စာကို ကောင်းကောင်းဖတ်ခြင်း ကတော့ မိမိရဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို တိုးတက်စေရုံမျှမက မိမိရဲ့ စိတ်ကို အမြဲရှင်သန်နေအောင် ဖွံ့ဖြိုးနေအောင် ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

Some books are to be tasted, others to be swallowed, and some few to be chewed and digested. 

Member discussion